ရက္ခိုင်အမျိုးသားအဖွဲ့ ချူပ်၏ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေငြာချက်
အမှတ်၊(၂/၂၀၁၈)
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်
၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း(၆)ရက်

ဗမာအစိုးရ နှင့် ဗမာစစ်တပ်အဆက်ဆက်တို့သည် မိမိတို့ရခိုင်လူမျိုးများအပေါ် လူမျိုးရေးဖိနှိပ်မှုများ၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုများ၊ နိုင်ငံသားအခွင့်အရေးချိုးဖောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားဖမ်းဆီးထောင်ချမှုများ၊ အာဏာပြ ခြိမ်းခြောက်ပြောဆိုဆက်ဆံမှုများ၊ အပြစ်မဲ့ အရပ်သားရခိုင်ပြည်သူလူထုများအား လက်နက်ဖြင့် ဥပဒေမဲ့ပစ်ခတ်တိုက်ခိုက်မှုများ၊ လွှတ်တော်အတွင်းဒီမိုကရေစီအကြမ်းဖက်မှု၊အနိုင်ကျင့်မှုများ အပါအဝင် ဝမ်းရေးအတွက် အလုပ်အကိုင် နှင့် ဝင်ငွေရှာဖွေရန် ဗမာပြည်နေရာအနှံ့သွားလာနေကြသော မိမိတို့ရခိုင်လူမျိုးများကို လူမျိုးရေး အမုန်းတရားများဖြင့် ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။

ထို့အပြင် “ရက္ခိုင့်တပ်မတော်နှင့်ဆက်စပ်ပတ်သက်သည်”ဟူသော အကြောင်းပြချက်ဖြင့် ရခိုင်ပြည်သူလူထုများအား ပစ်မှတ်ထားကာ လုပ်ကြံစွပ်စွဲမှုများ၊အမှုဆင်ဖမ်းဆီးထောင်ချမှုများ၊ မတရားစွပ်စွဲကာဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်မှုများ ကို ဗမာအစိုးရနှင့် ဗမာစစ်တပ် တို့သည် ၂၀၁၈ တစ်နှစ်တည်း၌ပင် ခပ်စိပ်စိပ်ပြုလုပ်နေခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ( ၁၆) ရက်နေ့၊ ညနေ(၁၀) နာရီ (၄၅) မိနစ်တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ “ရက္ခိုင့်ဘုရင့်နိုင်ငံတော်အချုပ်အချာအာဏာကျဆုံးမှု ဝမ်းနည်းအမှတ်ရ အခမ်းအနား” ကျင်းပခွင့်မရခြင်းနှင့်ဆက်စပ်ပြီး ကျင်းပခွင့်ရရန် ဆန္ဒထုတ်ဖော်သူများအား ဗမာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့မှ ရခိုင်ပြည်သူလူထုများကို သေစေလိုသော ရည်ရွယ်ချက်ဖြင့် ကျည်အစစ်ပါ သေနတ်ကို အသုံးပြုကာ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ထို့ကြောင့် သေဆုံးသူ ရခိုင်လူမျိုး (၁၀) ဦး နှင့် ဒဏ်ရာရသူ (၁၅) ဦီးအထက်ရှိခဲ့သည်။ ထို့အပြင် ၎င်းတို့ပစ်ခတ် တိုက်ခိုက်၍ ရရှိခဲ့သောသေနတ်ဒဏ်ရာများကြောင့် ဆေးဝါးကုသခံယူသူများကိုလည်းမတရားအမှုဆင်ပြီးထောင်ချမှုများကိုလည်း ဆက်လက်ပြုလုပ်ခဲ့သည်။

လက်ရှိ NLD အစိုးရအနေဖြင့် အထက်ပါမြောက်ဦးလူသတ်ပွဲ၌ရခိုင်လူမျိုးများသေဆုံးရခြင်းနှင့်ပတ်သက်၍ လူသတ်အားပေး အပြုအမူမျိုးဖြင့် တုံဏိဘာဝေဆိတ်ဆိတ်နေခဲ့သည်။တဆက်တည်းတွင် ၎င်းတို့ပစ်ခတ်သတ်ဖြတ်မှု နှင့်၎င်းတို့၏ရက်စက်ယုတ်မာကောက်ကျစ်သောလုပ်ရပ်တို့ကိုဖုံးကွယ်စေလိုခြင်း၊ လမ်းကြောင်းလွဲစေလိုခြင်း ရည်ရွယ်ချက်များဖြင့် နိုင်ငံရေးအာရုံလွှဲပွဲများကိုလုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊နံနက် (၁၀) နာရီပတ်ဝန်းကျင်ခန့်တွင် ကချင်ပြည်၊ လုံးခင်း-ဖားကန့်သွားလမ်းရှိ ရတနာမြေစာပုံ (ယခင် အမှိုက်ပုံဟုခေါ်သောနေရာ) အနီးရှိ နေအိမ်တစ်လုံးကိုလည်း အင်အား(၃၀) ခန့်ပါသော ဗမာအစိုးရလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကား(၃) စီးဖြင့်လာရောက်ပြီး သေနတ်ဖြင့် အချက်(၂၀) ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ထို့အပြင်၎င်းအိမ်အတွင်းမှ ရခိုင်လူမျိုး(၃) ဦးကိုလည်း မိုးကာလိပ်များဖြင့်လိပ်၍ကားဖြင့်တင်ဆောင်ကာဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများကိုလည်းရက္ခိုင့်တပ်မတော်နှင့်ဆက်စပ်သည်ဟု မတရားစွပ်စွဲကာအတင်းအဓမ္မထွက်ဆိုခိုင်းပြီး အမှုဆင်ထောင်ချရန်စီစဉ်ဆောင်ရွက်နေသည်များကိုလည်းဆက်လက်တွေ့ရှိနေရပါသည်။၎င်းမြေစာပုံနေရာသည် ဝမ်းရေးအတွက် ရွှေ့ပြောင်းစီးပွားရှာလုပ်ကိုင်စားသောက်နေထိုင်ကြသော အရပ်အဝန်းတစ်ခုဖြစ်ပြီး ရခိုင်လူမျိုးအများစု-စုဖွဲ့ကာနေထိုင်ကြသည့်နေရာတစ်ခုဖြစ်သည်။

ဗမာအစိုးရ နှင့် ဗမာစစ်တပ်တို့သည် ဤနိုင်ငံအတွင်းနေထိုင်ကြသောနိုင်ငံသူ/နိုင်ငံသားတို့၏အ သက် အိုးအိမ်၊စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရမည့်အစား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ထောင်ချခြင်း၊ ဥပဒေမဲ့လုပ်ရပ်များကိုလက်ရဲဇက်ရဲကျူးလွန်ခြင်း များကို မိမိတို့ဒေသတွင်သာမက အခြားလူမျိုးများပိုင်ဆိုင်သောဒေသများ၌ပါ ဥပဒေကိုအကာအကွယ်ယူကာဗြောင်ကျကျကျူးလွန်ဖောက်ဖျက်လျက်ရှိသည်။ ထိုအထဲတွင်မိမိတို့ရခိုင်လူမျိုးများအပေါ် အဓိကထားကာ လူမျိုးရေးအရ ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်လျက်ရှိနေခဲ့သည်။

ထို့အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၄) ရက်နေ့တွင်လည်း ၁၁/ (ဆယ့်တစ်မျဉ်းစောင်း) နိုင်ငံသားစိစစ်ရေးကတ်ပြားကိုကိုင်ဆောင်ပြီး ဝမ်းရေးအတွက် ရခိုင်ပြည်ပြင်ပသို့ထွက်ခွာ၍အလုပ်အကိုင်ရှာဖွေရန် တောင်ကြီးမြို့ မှကျိုင်းတုံမြို့သို့သွားလာနေကြသော ရခိုင်လူမျိုး (၅၁) ဦးကို ရှမ်းပြည်၊ ကွန်ဟိန်းမြို့နယ်၊ သံလွင်ကူးတို့ ရဲကင်းစခန်းမှ ခရီးသွားလာခွင့်အားတားမြစ်ခဲ့သည်။ထို့အပြင်နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုသိမ်းဆည်းခဲ့သည်မှာနိုင်ငံသား အခွင့်အရေးကိုချိုးဖောက်ပြီးပြည်ထောင်စု စိတ်ဓာတ်ကင်းမဲ့မှုကိုပြသခဲ့သည်။

ထို့အပြင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့၊ နေ့လည် (၁) နာရီခန့်အချိန်၌ နမ္မတီးမြို့၊ နမ်တိန်း စစ်ဆေးရေးဂိတ်တွင်လည်း ရခိုင်လူမျိုး(၃) ဦးကို သူတို့၏လက်ကိုင်ဖုန်းအထဲတွင် ရခိုင်အလံပုံ၊ ရက္ခိုင့်တပ်မတော်သတင်းနှင့်ပြန်ကြားရေး ဖေ့ဘုတ်စာမျက်နှာတွင်ထုတ်ပြန်ဖော်ပြထားသော ဓာတ်ပုံများကိုတွေ့ရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရက္ခိုင့်တပ်မတော်အပေါ်အငြိုးအတေးထားကာ ရခိုင်ပြည်သူလူထုများ အပေါ်အကြောင်းအမျိုးမျိုးပြကာဖမ်းဆီးထားသည်များမှာ ဒီမိုကရေစီအစိုးရတစ်ရပ်၏ပွင့်လင်းမြင်သာမှုနှင့် အနိုင် ကျင့်မှုများကိုသိသာထင်ဟပ်စေသောပုံရိပ်များပင်ဖြစ်သည်။ ယခုအချိန်အထိလည်း အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရခိုင်လူမျိုးများမှာ မည်သို့မည်ပုံရှိသည်များကိုမသိရှိရသေးသောကြောင့် ၎င်းတို့၏ မိဘ၊ဆွေမျိုးများမှာ စိုးရိမ်သောကရောက်လျက်ရှိနေကြသည်။

ဤကဲ့သို့သောလုပ်ရပ်များမှာ လက်ရှိNLD အစိုးရနှင့် ဗမာစစ်တပ်တို့ဦးဆောင် ပြုလုပ်နေကြသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အနှောင့်အယှက်ဖြစ်စေရုံသာမက ပြည်ထောင်စုကြီးထဲတွင် မိမိတို့ကဲ့သို့ဖိနှိပ်အနိုင်ကျင့်ခြင်းကိုခံစားနေကြရသော အခြား လူမျိုးများအဖို့ စဉ်းစားစရာများနှင့် အနာဂတ်ကာလများအတွက် မေးခွန်းထုတ်စရာဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။

မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( United League of Arakan- ULA) အနေဖြင့်လည်း ရခိုင်ပြည်အတွင်း၊ ရခိုင်ပြည်ပြင်ပ နှင့် ဗမာပြည်အတွင်းသွားလာနေထိုင်ကြသော ရခိုင်လူမျိုးများကို ဗမာအစိုးရနှင့် ဗမာစစ်တပ် တို့မှ ဥပဒေမဲ့ဗြောင်ကျကျ သတ်ဖြတ်နေခြင်းများကို ကန့်ကွက်ရှုတ်ချပြီး အထက်ပါကိစ္စရပ်များတွင် ဗမာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့တို့ ကျူးလွန်သော အချက်အလက်များနှင့် သက်သေများကို စုံစမ်းစုဆောင်းပြီး နိုင်ငံတကာအဖွဲ့အစည်းများထံသို့ တိုင်ကြားသွားမည်ဖြစ်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
United League of Arakan

Email: arakanarmy@yeah.net
ဆက်သွယ်ရန်ဖုန်း။ ။ +၉၁ ၈၇၈၇-၄၈၈-၁၄၇
(+91 8787-488-147)

 

 

To download pdf file is here

Share

Leave a Reply

Your email address will not be published. Required fields are marked *