မတူကွဲပြားသော ရခိုင့်နောင်ရေး သုံးသပ်ချက်

အောင်မျိုးဦး

 

ရခိုင်တွေကို ပညာတတ်စေလိုသော ဆန္ဒဖြင့် မယမင်းမြတ်အေးက ရခိုင့်နောင်ရေးဟူသည့် ဆောင်းပါးတပုဒ်ကို တင်ပြလာပါသည်။ ရခိုင်တွေ ပညာတတ်ဖို့ လိုတယ်၊ ဒါဟာ အက္ခရာကျတယ်လို့ သူက ဆိုပါတယ်။ သူ၏ စေတနာကို မြင်တွေ့ရသော်လည်း သူ၏ အဆိုအမှားများကြောင့် ကောက်ချက်အမှားများ မဖြစ်ပွားစေလိုသည့် စေတနာဖြင့် ဒီဆောင်းပါးကို ရေးပါတယ်။

#ရခိုင်ပြည်နှင့် အရှေ့အနောက် ပထ၀ီအနေအထား ခံယူပုံ မတူခြင်း

ရခိုင်ပြည်နယ်ဆိုသည်မှာ အဘယ်နည်းဟု မေးလာခဲ့လျှင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှ မထင်မရှား ကမ်းရိုးတန်း ပြည်နယ်တခုဟုပင် ဖြေဆိုရပေလိမ့်မည် ဟု မယမင်းမြတ်အေးက ရခိုင်နောင်ရေး ဟူသည့်ဆောင်ပါးတွင် ဖြေဆိုခဲ့ပါသည်။ ဒီအဆိုက ကြည့်သူနှင့်သာ ဆိုင်ပါသည်။ ကျွန်တော်အနေဖြင့် ဖြေရလျှင် ရခိုင်ပြည်ဟူသည် ဘင်္ဂလားပင်လယ်အော် အရှေ့ခြမ်းက အရေးပါသော ကမ်းရိုးတန်းနယ်မြေတစ်ခု ဖြစ်သည်ဟု ပြောလိုပါသည်။ ဒီနေရာမှာ ဗဟိုကို တည်ထားသည့် နေရာအပေါ်မူတည်ပြီး အမြင်မတူခြင်း ဖြစ်ပါသည်။ (ပုံကို ရှုပါ)။ အနောက်ဟု ခံစားခြင်းနှင့် အရှေ့ဟု ခံစားခြင်းကြောင့် နောက်ဆက်တွဲများ အများအပြား ရှိပါသည်။ ဗုဒ္ဓဘာသာများအနေဖြင့် ကြည့်လျှင် အရှေ့ဘက်ခြမ်းတွင် ဘုရားစင်ကို ထားရှိပြီး အနောက်ဘက်ခြမ်းတွင် အိမ်သာကို တည်ထားတတ်ပါသည်။ ထို့ကြောင့် အိမ်တအိမ်၏ အရှေ့ အနောက် တည်ထားမှု၏ ခံစားချက် အကျိုးသက်ရောက်မှုသည် အရေးပါလှပါသည်။ ဒီနေရာမှာ ရခိုင်ပြည်၏ အရေးအခင်းများသည် ဒီခံစားမှုနှင့် သက်ဆိုင်သော်လည်း မယမင်းမြတ်အေး ဆောင်းပါး၏ ဆိုလိုရင်းနှင့် တိုက်ရိုက်မသက်ဆိုင်သောကြောင့် ဒီမျှသာ ရှင်းလင်းပြီး အခြားအချက်များအပေါ် ဆက်လက်ဆွေးနွေးပါမည်။

#ဆင်းရဲခြင်း အကြောင်းရင်း

မယမင်းမြတ်အေးက ဆက်ဆိုပါသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့်အတူ ခေတ်အဆက်ဆက် ပညာရေး၊ စီးပွားရေး၊ နိမ့်ကျရာမှ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့ခြင်းသည် မျှော်လင့်ပြီးသား အနေအထားတခုဟု သူက ဆက်ဆိုပါသည်။ တိုင်းပြည်တပြည် ဆင်းရဲခြင်းသည် အဘယ်ကြောင့်နည်း။ ကမ္ဘာ့ပညာရှင်များ အကြားတွင် ဒီကိစ္စက အငြင်းပွားနေတုန်းပင် ဖြစ်ပါသည်။ ပထ၀ီအနေအထားကြောင့် ဆင်းရဲသည်ထက် စနစ်ကြောင့် ဆင်းရဲခြင်းဖြစ်ကြောင်း Daron Acemoglu and James A. Robinson တို့ရေးသည့် Why Nations Fail ဟူသည့် စာအုပ်တွင် အကျယ်ဖတ်ရပါသည်။ တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားဥပမာများကို ပြထားပါသည်။ အခြားဥပမာများလည်း အများအပြားပင် တွေ့ရ၏။ ဆင်းရဲခြင်း အကြောင်းအရင်းကို ဆောင်းပါးနောက်ပိုင်းတွင်မှ ဆက်လက်ဆွေးနွေးပါမည်။

#သမိုင်းထဲက ရခိုင်

သမိုင်းထဲက ရခိုင်များအကြောင်းကို မယမင်းမြတ်အေး သုံးသပ်ပုံများမှာလည်း မတူညီမှုများ အများအပြား ရှိပါသည်။ မြောက်ဦးခေတ်မှ အင်္ဂလိပ်ကိုလိုနီခေတ်အထိ ရခိုင်ပြည်သည် နိုင်ငံရေးအရ နိမ့်ပါးခဲ့သည် ဟု မယင်းမြတ်အေးက ဆိုပါသည်။ သမိုင်းပညာအရ periodization ကို မယမင်း မည်သို့ပိုင်းခြားသည် မသိရသော်လည်း မြောက်ဦးခေတ်တွင်လည်းကောင်း အင်္ဂလိပ်ကိုလိုနီခေတ်တွင်လည်းကောင်း ရခိုင်ပြည်သည် နိုင်ငံရေးအရ အနိမ့်ပါးခဲ့ပါ။ မြောက်ဦးခေတ်အကြောင်းများကို ပြည်တွင်းပညာရှင်များရေးသည့် ရာဇ၀င်များ၊ သမိုင်းများဖတ်ကြည့်ပြီး သိနိုင်သလို ပြည်ပပညာရှင်များဖြစ်သည့် ဂျက်လိုင်ဒါ၊ စတီဗင်ဘန်ဂါလန်၊ မိုင်ကယ်ရှယ်နီ စသည့် ပညာရှင်များ ရေးသည့် ကျမ်းများ ဆောင်းပါးများလည်း ဖတ်ရှုနိုင်ပါသည်။ မိုင်ကယ်ရှယ်နီ၏ မဟာဝိဇ္ဇာကျမ်းအရဆိုလျှင် ပေါ်တူဂီများ၏ နိုင်ငံရေးလှည့်ကွက်များကို ရခိုင်ဘုရင်များ မည်သို့ အထက်စီးယူ ကိုင်တွယ်ခဲ့ကြောင်းများ ဖတ်ရပါသည်။ အင်္ဂလိပ်ခေတ်အတွင်း ရခိုင်နိုင်ငံရေးသမားများ ပါလီမန်တွင် မည်သို့ king maker လုပ်ခဲ့သည့် အကြောင်းများကိုလည်း John Cady ရေးသည့် မြန်မာ့သမိုင်း (History of Burma) ဟူသည့် ကျမ်းတွင် ဖတ်ရှုနိုင်ပါသည်။ ထို့ပြင် အင်္ဂလိပ်တော်လှန်ရေး ကိစ္စများတွင်လည်း ရခိုင်တို့၏ နိုင်ငံရေးမနိမ့်ပါးခဲ့ပါ။ ဒီနေရာတွင်လည်း သမိုင်းကို ကျွန်တော် အကျယ်မဆွေးနွေးလိုသဖြင့် ဒီမျှသာ ဆွေးနွေးပါသည်။

#ယနေ့ခေတ်ရခိုင်

ယနေ့ခေတ်တွင် ရခိုင်ပြည်နယ်၏ အခြေအနေသည် တဖြည်းဖြည်း ဆုတ်ယုတ် ယိုယွင်းလာနေသည် ဟု မယင်းမြတ်အေးက ဆိုပါသည်။ ကျွန်တော်လက်ခံပါသည်။ ဒီအဆိုကို ကြားမိတိုင်း ရခိုင်ပြည်တွင် တာဝန်ကျခဲ့သည့် တိုင်းမှူး ဗိုလ်ချုပ်မောင်ဦး လက်ထက် သူပြောခဲ့သည်ဟု ဆိုသည့် (ကျွန်တော် နားနဲ့ ဆတ်ဆတ် ကြားခဲ့သည် မဟုတ်၊ လူပြောသူပြောဖြင့် ကြားခဲ့သည့်စကား) စကားတခွန်းကို အမြဲအမှတ်ရမိပါသည်။ “ငါလာတာ နည်းနည်းနောက်ကျသွားတယ်၊ ငါစောစော ရောက်ရင် ရခိုင်တွေ ဒီလောက် ချမ်းသာမှာ မဟုတ်”. ဒီစကားကို သူပြောခဲ့သည်မှာ မှန်မမှန် ကျွန်တော် အတည်မပြုနိုင်ပါ။ ခရစ်သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ရခိုင်ပြည်တွင် ပုဇွန်လုပ်ငန်း၊ ဆားလုပ်ငန်းများ ဖြစ်ထွန်း၍ စစ်တွေမြို့ ၊ ကျောက်ဖြူမြို့များတွင် ရခိုင်တွေ တိုက်ဆောက်တာ တော်တော်များပါတယ်။ ဒါကိုကြည့်ပြီး ဗိုလ်ချုပ်မောင်ဦး က ဆိုခဲ့တာ လို့ ပြောပါတယ်။ သူတကယ် ပြောခဲ့ မပြောခဲ့ ကျွန်တော် မသိပေမယ့် ဗိုလ်ချုပ်မောင်ဦးဟာ ရခိုင်တွေရဲ့ စီးပွားရေးကို နှိပ်စက်ခဲ့တဲ့ တိုင်းမှူးတွေထဲမှာ အဆိုးဆုံးဖြစ်တယ်လို့ ရခိုင်ပြည်က စီးပွားရေးအသိုင်းအ၀ိုင်းက ယခုတိုင်ပြောနေကြဆဲပါ။ ဒီကိစ္စမှန်မမှန်ကတော့ တကယ်သုတေသန လုပ်ကြည့်မှ သိမှာပါပဲ။

ရခိုင်ပြည် ဘာကြောင့် ဆင်းရဲရသလဲ ဆိုသည့် ကိစ္စများက ကျကျနန သုတေသနပြုစုပြီး အစီရင်ခံစာတွေ ရေးရမယ့် ကိစ္စဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ ရခိုင်ပြည်တွင် စက်ရုံအလုပ်ရုံ တခုတလေမျှပင် မရှိ။ ကျောက်တော် သကြားစက်ဆိုပြီး တည်ခဲ့သည့် စက်ရုံတရုံ ရှိ၏။ မလည်ပတ်တော့ပေ။ အင်္ဂလိပ်ခေတ်က စစ်တွေမြို့မှ ဆန်စပါးကို နိုင်ငံခြားသို့ တိုက်ရိုက်တင်ပို့သဖြင့် စစ်တွေမြို့တွင် တန်တစ်ရာ ဆန်စက်များ ရှိ၏။ ယခု မရှိတော့ပေ။ ငယ်ငယ်တုန်းက ပထ၀ီဝင်သင်ကြားချိန်က မြန်မာပြည်၏ စက်ရုံများအကြောင်း အလွတ်ကျက်ခဲ့ရစဉ်က ရခိုင်ပြည်တွင် ရှိသည့် စက်ရုံအကြောင်းကို ဖြေဆိုပါ ဆိုလျှင် တော်တော်လွယ်ပါသည်။ တိုင်းဒေသကြီးများ (ယခင်က တိုင်း ဟုခေါ်) တွင် ရှိသည့် စက်ရုံများ အကြောင်း စာရင်းချပြရသောအခါ နည်းနည်းခက်ပါသည်။ စက်ရုံအလုပ်ရုံများ များသောကြောင့် ဖြစ်ပါသည်။

မြန်မာတစ်နိုင်ငံလုံး၏ စပါးဈေးကွက်ပျက်သည့်အချိန်တွင် ရခိုင့်စပါးဈေးကွက်လည်း လိုက်ပျက်ပါသည်။ ရခိုင်တပြည်လုံး၏ စီးပွားရေးကို အင်္ဂလိပ်တွေ တဖွဖွပြောတဲ့ comparative advantage ဆိုတဲ့ နှိုင်းရအားသာချက်အရ စပါးအပေါ် အလွန်အမင်းမှီခိုသဖြင့် စပါးပျက်ချိန် တပြည်လုံး၏ စီးပွားပျက်ပါသည်။ စီးပွားပျက်တော့ ငွေရလွယ်တဲ့ ဒေသများသို့ လူငယ်တွေ ထွက်ခွာပါသည်။ ထို့ကြောင့် out-migration အကြီးအကျယ်ဖြစ်ပါသည်။ နည်းနည်း အဆင်ပြေခဲ့သည့် ပုဇွန်ဈေးကွက်လည်း ပျက်၊ ဆားဈေးကွက်လည်းပျက် ဆိုတော့ အလုပ်မရှိတော့ပါ။

#ပညာမတတ်သည့် ရခိုင်

ရခိုင်တွေ ပညာမတတ်ဘူး ဆိုတဲ့ စကားတွေကို ကျယ်ကျယ်လောင်လောင် ကြားရပါသည်။ မှန်ကောင်းမှန်နိုင်ပါသည်။ ရခိုင်ပြည်၏ ပညာရေးကို ကြည့်လျှင် အောင်ချက်ရာခိုင်နှုန်းလည်း အနည်းဆုံးဖြစ်ပါသည်။ ဒါက access to education လို့ခေါ်တဲ့ ပညာရေးရပိုင်ခွင့်ကို မရတာကြောင့် ဖြစ်ပါတယ်။ ဒီနေရာမှာ စီးပွားရေးနိုဘယ်ဆုရှင် ပရော်ဖက်ဆာ အမတ္တရာစန်း ပြောတဲ့ စကားကို အမှတ်ရမိပါတယ်။ လူတွေဆင်းရဲတာ ပျင်းလို့ မဟုတ်ဘူး။ ချမ်းသာဖို့ အခွင့်အလမ်းတွေ ပိတ်ဆို့ခံရလို့ ဖြစ်တယ်တဲ့။ ပညာရေးကဏ္ဍမှာလည်း ဒီအဆိုက မှန်နေပါတယ်။ ပညာမတတ်တာက ပျင်းလို့ မဟုတ်ဘူး။ ပညာတတ်ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိတ်ဆို့ခံရလို့လဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ပညာမတတ်တာနဲ့ ပညာမဲ့တာ မတူဘူးဆိုတာပါပဲ။

ရခိုင်ပြည်ရဲ့ အောင်ချက်ရာခိုင်နှုန်းကို ကြည့်တဲ့အခါ ရခိုင်ပြည်ဟာ အနိမ့်ဆုံးဖြစ်ပေမယ့် ဂုဏ်ထူးရရှိမှုအတိုင်းအဆကို ကြည့်တဲ့အခါမယ်တော့ ပြည်နယ်တွေထဲမှာ အမြင့်ဆုံးဖြစ်နေတာကိုလည်း မြင်တွေ့ရပါတယ်။ ဒါကို ရခိုင်သမိုင်းသုတေသီ ဒေါက်တာကျော်မင်းထင်က သူ၏ ဖေ့ဘုတ်စာမျက်နှာမှာ ထောက်ပြဖူးပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုတော့ ကိန်းဂဏန်းအတိုင်းအဆအရ ရခိုင်မှာ နည်းပေမယ့် ကွာလတီ အရည်အသွေးအားဖြင့်တော့ မြင့်သေးတယ်လို့ ဆိုလိုပါတယ်။

နောက်တစ်ချက်က ပညာတတ်ရခိုင်တွေ ရခိုင်ပြည်မှာ မနေဘဲ ရန်ကုန်ကို ထာဝရ ပြောင်းရွှေ့ကုန်တဲ့ အချက်တချက်ကလည်းပဲ ရခိုင်ပြည်မှာ ကိန်းဂဏန်းအားဖြင့် ပညာတတ်သူ လျော့ကုန်တဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက ကျေးလက်မှာ နေထိုင်တဲ့ ရခိုင်ပြည်သူတွေကို ပညာမတတ်ဘူးလို့ အပြစ်ဖို့တာကတော့ တော်တော် တရားလွန်ရာ ရောက်ပါတယ်။ ကျေးလက်နေ ရခိုင်တွေဟာ အစိုးရပေးတဲ့ ပညာရေးကို ရရှိဖို့ အလှမ်းဝေးပေမယ့် ပင်ကိုယ်လူမှုပတ်ဝန်းကျင်က ပေးတဲ့ ပညာရေးအားဖြင့် အတိုင်းအတာတခု အထိ အဆင့်မြင့်ပါတယ်။ ဘယ်ကြောင့် အဲလို ပြောနိုင်သလဲ။ ကျွန်တော် ရမ်းဗြဲကျွန်းကို ရောက်သွားတော့ ရွာသားတွေဟာ ပြောနိုင်ဆိုနိုင်၊ ငြင်းခုန်နိုင်တာကို တွေ့ရတယ်။ ဆန့်ကျင်ဘက်အမြင်နဲ့ စကားပြောနိုင်တယ်။ ပြောတိုင်းယုံတတ်တဲ့ လူမျိုးတွေ မဟုတ်ပါဘူး။ သုတေသီတွေအနေနဲ့ ရခိုင်ပြည်ထဲကို ကွင်းဆင်းလေ့လာဖို့ လိုပါမယ်။ ရွာသားတွေနဲ့ စကားပြောဖို့ လိုပါတယ်။ ဒီကောင်တွေ ဘာမှ သိတာမဟုတ်ဘူး ဆိုတဲ့ အထာနဲ့ သွားပြောလို့ကတော့ ကားနေအောင် ခံရပါလိမ့်မယ်။

#အခွင့်အလမ်းနဲ့ စိန်ခေါ်မှု

မယမင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်တည်ရှိနေတာကို စိန်ခေါ်မှုလို့ မြင်ပါတယ်။ ကျွန်တော်က အခွင့်အလမ်းလို့မြင်တယ်။ ရခိုင်ပြည်က အချမ်းသာဆုံးဖြစ်ခဲ့တဲ့၊ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်ကို ပထမဦးဆုံးတည်ခဲ့တဲ့၊ ရူပီး ၁၂ သိန်းအထိ ချမ်းသာခဲ့တဲ့ ဦးရဲကျော်သူဆိုတာ ဘင်္ဂလာနဲ့ ကုန်ကူးလို့ ချမ်းသာခဲ့တာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အင်မတန်ကြီးမားတဲ့ ဈေးကွက်ကြီးဖြစ်တယ်။ ဈေးပေါပေါနဲ့ တင်ပို့လို့ကတော့ ဘာမဆို ၀ယ်မယ့်နိုင်ငံဖြစ်တယ်။ တင်ပို့နိုင်တာထက်ကို များများဝယ်နိုင်တဲ့ ဈေးကွက်ဖြစ်တယ်။

ဒါပေမယ့် နယ်စပ်ကုန်သွယ်ရေးက ခဏခဏ အပိတ်ခံရတယ်။ ဘင်္ဂလာကို မှောင်ခိုပို့သူတွေ ချမ်းသာကြသူတွေ ချည်းပဲ။ အာဏာပိုင်တွေက ဟိုဟာ မပို့ရ၊ ဒီဟာ မပို့ရ တားမြစ်မှုတွေ များတယ်။ နယ်စပ်ကုန်သွယ်ရေးဟာ အသက်မ၀င်ဘူး။ ဒါကို သေသေချာချာ ပြန်သုံးသပ်ရမယ့် ကိစ္စဖြစ်ပါတယ်။

ပင်လယ်ထွက်ပေါက်တွေ ရှိတဲ့ ရခိုင်ပြည်ကို အင်္ဂလိပ်ခေတ်ကလို နိုင်ငံခြားနဲ့ တိုက်ရိုက်ကုန်သွယ်ခွင့်ပေးမယ်ဆိုရင် ပိုအဆင်ပြေလာမှာပါ။ အခုက ရန်ကုန်ကနေတဆင့် သွားရတော့ ဒေသခံတင်ပို့သူတွေ မစားရဘဲ ရန်ကုန်က ကုန်သွယ်ပွဲစားတွေ စားဖို့ ဖြစ်တာပေါ့။

#လူမည်းသင်ခန်းစာ

မယမင်းမြတ်အေးရဲ့ ဆောင်းပါးထဲမှာ လူမည်းသင်ခန်းစာကို ပေးထားပါတယ်။ လူမည်းတွေဟာ ကြိုးစားရုန်းကန်မှုနဲ့ ဆင်းရဲခြင်း၊ ပညာမဲ့ခြင်းက လွတ်မြောက်နိုင်ခဲ့ပါသည်တဲ့။ ဒီနေရာမှာ မယမင်းမြတ်အေး သတိမပြုမိတာက affirmative policy action လို့ခေါ်တဲ့ အမေရိကန်မူဝါဒကို သတိမပြုမိလို့ ဖြစ်ပါလိမ့်မယ်။ စနစ်အရ အခွင့်အလမ်းနည်းပါးတဲ့ လူမျိုးတွေ တန်းတူညီမျှ ဖြစ်လာဖို့အတွက် ဆောင်ကျဉ်းပေးတဲ့ ဥပဒေတွေ၊ ညွန်ကြားချက်တွေ၊ မူဝါဒတွေ ချမှတ်ပြီး လူမည်းတို့ဘ၀ ကောင်းစားလာဖို့ လုပ်ပေးခဲ့တာဟာ ဆိုရင် ယခုထက်ထိ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ လူမည်းတွေကို လုပ်စားကိုင်စားဖို့ ဧက (၄၀) နဲ့ မြည်းတစ်ကောင် မူဝါဒတွေ ချမှတ်ပေးခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ သမ္မတရူးစဘဲ့လက်ထက်မှာ အမျိုးသားလုပ်သားဆက်ဆံရေးဥပဒေ (ခေါ်) ၁၉၃၅ ဝက်ဂနာအက်ဥပဒေနဲ့ ကာကွယ်ပေးခဲ့တာတွေ ရှိတယ်။ ရှာဖတ်ရင် အများကြီး တွေ့အုံးမှာပါပဲ။ ဒါဟာ နိမ့်ပါးသူတွေကို အပြစ်မဖို့ရဘူး၊ စနစ်တွေ ချမှတ်ပီး ကူညီပေးရတယ်ဆိုတဲ့ ဥပမာတွေ ဖြစ်ပါတယ်။

#ပညာခေတ်အတွက် ရခိုင်မျိုးဆက်တို့ တာဝန်

ရခိုင်လူမျိုးများ၏ ဆုတ်ယုတ်ကျဆင်းနေရသည့် အဓိကအကြောင်းရင်းသည် အများက နှိမ်နေသောကြောင့် မဟုတ်ပေ။ ကိုယ်ပိုင်အရည်အချင်းကို တည်ဆောက်နိုင်ခြင်း မရှိသောကြောင့်သာ ဆုတ်ယုတ်ကျဆင်းနေရသည် လို့ မယမင်းမြတ်အေးက ဆိုပါတယ်။ ဒါဟာ လုံးဝဥသုန် မမှန်ပါဘူး။ ဖိနှိပ်တဲ့စနစ်ကြောင့် တိုးတက်ဖို့အခွင့်အလမ်းတွေ ဆုံးရှုံးရပါတယ်။ ဒါဟာ အမတ္တရာစန်းပြောတဲ့ စကားပါ။ စနစ်ကြောင့် ဆင်းရဲရပါတယ်လို့လည်း Why Nations Fail က ဆိုပါတယ်။ အခွင့်အလမ်းတွေ ရှိမယ်၊ Affiramative policy actions တွေ ရှိမယ်ဆိုရင် အရည်အချင်းက တက်လာပါလိမ့်မယ်။ ကျောင်းတက်ဖို့ မနက်လုံး လမ်းလျှောက်၊ ချောင်းကူးရတဲ့ ကလေးတွေကို လွယ်လင့်တကူ ကျောင်းတက်နိုင်အောင် စနစ်တည်ဆောက် မကူညီဘဲနဲ့ စာကြိုးစားပါ ပြောဖို့ ခက်ပါတယ်။ ရန်ကုန်က ကလေးတွေ ဖယ်ရီနဲ့ လွယ်လင့်တကူ ကျောင်းတက်ရချိန် ရခိုင်မှာ ကျောင်းတက်ဖို့ ချောင်းကူး မြစ်ကူး သွားနေရသူတွေ မနည်းပါဘူး။

ကျောက်ဖြူက လူတွေက ဂတ်စ်ရောင်းရငွေရဲ့ ၂၀ ရာခိုင်နှုန်းလောက် ပေးပြီး ငါတို့ဒေသက ချောင်းတွေ မြောင်းတွေကို တံတားဆောက်ပေးပါလား၊ လမ်းဖောက်ပေးပါလားလို့ ပြောကြတယ်။ မလုပ်ပေးတော့ စိတ်နာမှာပေါ့။ ဒီပင်လယ်ကို ဥပဒေပြဋ္ဌာန်းချက်အရသာ နိုင်ငံတော်က ပိုင်သည်ဆိုပေမယ့် ဒီပင်လယ်မှာ နေလာတဲ့၊ ကျက်စားလာတဲ့သူတွေက ပြည်သူတွေ ဖြစ်တယ်။ သယံဇာတရဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ရသင့်တာပေါ့။ ပညာရေးဘ၀ လှပဖို့၊ ကျန်းမာရေးကုသမှု အခမဲ့ ရရှိဖို့ ရခိုင်ပြည်သူတွေ ရသင့်တာပေါ့။

#ရခိုင်နောင်ရေးအတွက် ဘာလုပ်ကြမှာလဲ

ရခိုင်နောင်ရေးအတွက် Affirmative policy actions တွေ ချပေးဖို့လိုတယ်။ အားနည်းသူ အားပြည့်လာအောင် မူဝါဒတွေ ချမှတ်ရမယ်။ သူ့ဘ၀ကောင်းစားဖို့ သူ့ဒေသက သယံဇာတ အကျိုးအမြတ်ကို တစ်ဝက်ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းမရရင်တောင် ၂၀ ရာခိုင်နှုန်းလောက်တော့ ပေးသင့်တယ်။ နယ်စပ်ကုန်သွယ်ရေးတွေ ဖွင့်ပေးသင့်တယ်။ ပင်လယ်ဆိပ်ကမ်းရှိတဲ့ မြို့တွေကတဆင့် နိုင်ငံခြားကို တိုက်ရိုက်ကုန်သွယ်ခွင့်ပေး သင့်တယ်။ တိုက်ရိုက်ကုန်သွင်းခွင့် ပေးသင့်တယ်။ ပညာရေး၊ ကျန်းမာရေးမှာ Affirmative policy actions တွေ လုပ်ပေးရမယ်။

ကြိုးစားရမှာ ရခိုင်သူ ရခိုင်သားတွေရဲ့ တာဝန်ပါ။ စနစ်အရ ဖိနှိပ်မိနေတာတွေကို ဖြေလျော့ပေးဖို့ကတော့….

ကျေးဇူးတင်ပါတယ်။

အောင်မျိုးဦး

 

Share

Leave a Reply

Your email address will not be published. Required fields are marked *