“အန္တရာယ်ကြီးလွန်းတဲ့ ခြိမ်းခြောက်မှုကို ဝေဖန်ခြင်း”

“အန္တရာယ်ကြီးလွန်းတဲ့ ခြိမ်းခြောက်မှုကို ဝေဖန်ခြင်း”
=================================

နိုဝင်ဘာလ ၂၁ ရက် အင်္ဂါနေ့  ဧရာဝတီသတင်းဝပ်ဆိုက်တွင် ဖော်ပြထားသည့် “ AA ကို ရဟတ်ယာဉ်သုံးတိုက်ခိုက်မှု သမ္မတရုံးခွင့်ပြုချက် မလိုဟု ဆို” သတင်းတွင် နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း က “သူတို့  AA ကို အပြတ်တိုက်ပစ်လိုက်တာကောင်းတယ်။ အပြုတ်တိုက်ပစ်ရမယ်။ ရဟတ်ယာဉ်သုံးလည်း ကိစ္စမရှိဘူး။ ဖွဲ့  စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်က ကြိုက်တာသုံးလို့ ရတယ်။ တကယ်လို့  အနုမြူဗုံးရှိရင် အနုမြူဗုံး ချပစ်လိုက်လည်းရတယ်။ တပ်မတော်က ဖွဲ့ စည်းပုံအရ သမ္မတကို ခွင့်တောင်းစရာ လိုတယ်လို့ မပါဘူး” ဟု ပြောဆိုထားခြင်းဟာ အန္တရာယ်ကြီးလွန်းတဲ့ ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတကာဥပဒေအရ ပြစ်မှုမြောက်နေတာကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုလို့  ရပါတယ်။

ရခိုင်လူမျိုးများရဲ့ သမိုင်းနဲ့ ချီ ဆုံးရှုံးနစ်နာလာနေရတဲ့ မွေးရာပါနိုင်ငံရေးအခွင့်အရေးများနှင့် အမျိုးသားကိုယ်ပိုင်ပြဌါန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ရခိုင်လူမျိုးကိုယ်စားပြု ရက္ခိုင့်တပ်မတော်ကို ခြိမ်းခြောက်ခြင်းဟာ ရခိုင်တမျိုးသားလုံးကို ခြိမ်းခြောက်ခြင်းပါပဲ။ အခုလို အနုမြူဗုံးကြဲပြီးလူမျိုးတုန်းတိုက်ခိုက်သတ်ဖြတ်မှုကို ကျူးလွန်ဖို့  ထုတ်ဖော်ပြောဆိုခြင်းဟာ နိုင်ငံတကာအကြမ်းဖက်သမားအများစုကပဲ ပြောဆိုတဲ့ စကားများဖြစ်ပြီး မြန်မာနိုင်ငံက ဗမာတိုင်းရင်းသား နိုင်ငံရေးလေ့လာသူက ပြောဆိုခြင်းဟာ သူရဲ့ ပညာမဲ့ မိုက်မဲမှုနဲ့  ပညာတတ်တစ်ယောက်မှာ ရှိကိုရှိနေရမယ့် ကျင့်ဝတ်သီလကင်းမဲ့မှုကို ဖော်ပြနေသလို ဗမာလူမျိုးရေးအစွန်းရောက်မှုနဲ့  စိတ်ခံစားမှုအခြေခံလူမျိုးရေးမုန်းတီးမှုကိုပါ ထုတ်ဖော်ပြသနေပါတယ်။ ဒီခြိမ်းခြောက်မှုက တပ်မတော်အမည်ခံ ဗမာစစ်တပ်နဲ့  အန်အယ်လ်ဒီဦးဆောင်တဲ့ အရပ်သားအစိုးရတို့  ဖော်ဆောင်သွားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့  စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးရဲ့  ဖုံးကွယ်ထားတဲ့ ပေါ်လဆီအမှန်က ဗမာမဟုတ်တဲ့ လူမျိုးများတော်လှန်ရေးအဖွဲ့  အစည်းများကို အပြတ်ချေမှုန်း အမြစ်ပြတ်တိုက်ခိုက်သွားရေးဆိုတာကို ထင်ဟပ် ပေါ်လွင်လာစေပါတယ်။

တဖက်မှာ ရခိုင်လူမျိုးများကိုလည်း ဗမာလူမျိုးနဲ့ ဘယ်လိုမှ ရှေ့  ဆက်အတူလက်တွဲပြီး စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်၍ မရနိုင်တဲ့အပြင် အနာဂတ်မှာ အစုလိုက်အပြုံလိုက်လူမျိုးတုံးသတ်ဖြတ်ခံလာရနိုင်ကြောင်း သတိပေးနေပါတယ်။ ဗမာအုပ်ချူပ်ရေးအောက်က ရုန်းထွက်ပြီး ကိုယ့်လူမျိုးလွတ်မြောက်ရာလမ်းဆီ ချီတက်သွားကြဖို့  တပ်လှန့်  လိုက်ခြင်းလည်း ဖြစ်နေပါတယ်။ ရခိုင်တွေ အမျိုးသားညီညွတ်ရေးမတည်ဆောက်နိုင်ပဲ အချင်းချင်းတိုက်ခိုက်နေခဲ့ကြလို့  ၁၇၈၄ ခုနှစ်မှာ ဗမာပဒေသရာဇ်ဘိုးတော်မောင်ဝိုင်း ၀င်သိမ်းတုန်းက သိန်းသန်းချီတဲ့ ရခိုင်လူမျိုးများ ဗမာတပ်ရဲ့  ရက်ရက်စက်စက်လူမျိုးတုံးသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသလို ဒီ ၂၁ ရာစုမှာလည်း အမျိုးသားညီညွတ်ရေးပြိုကွဲနေဦးမယ် ဆိုရင် ဗမာစစ်တပ်ရဲ့  လူမျိုးတုံးသတ်ဖြတ်မှုကို ခံလာရနိုင်ဖွယ် ရှိနေပါတယ်။

တပ်မတော်မှ ဗိုလ်ချူပ်ကြီးဟောင်း ဦးလှဌေးဝင်းကလည်း “ဂျနီဗာကွန်ဗင်းရှင်းက သူပုန်တွေအတွက် အကျုံးမ၀င်ဘူး။ တို့  ရဟတ်ယာဉ်သုံးတာကလည်း နိုင်ငံအချင်းချင်း တိုက်လေယာဉ်လို ဟာမျိုး နယ်စပ်မှာ ဘယ်နှစ်မိုင် အတွင်းမသုံးရဘူး ဆိုတဲ့ သတ်မှတ်ချက်တော့ရှိတယ်။ အဲဒါက နိုင်ငံချင်းစကားပြောရမဲ့ ကိစ္စ၊ တပ်မတော်မှာ လုပ်ပိုင်ခွင့်ရှိတယ်။ AA ကို အကြမ်းဖက်အဖွဲ့ လို့ ပြော ထားပြီးသားပဲ” လို့  ပြောဆိုခြင်းက ဗမာစစ်တပ်ရဲ့ ဗိုလ်ချူပ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးလှဌေးဝင်းဟာ ဂျနီဗာကွန်ဗင်းရှင်းပါ ဥပဒေများကို မဖတ်တတ်ဘူး၊ နားလည်နိုင်လောက်တဲ့ ပညာအခြေခံမရှိဘူး ဆိုတာကို ဖော်ပြနေပါတယ်။ ဂျနီဗာကွန်ဗင်းရှင်း ပရိုတိုကော (၁) ပုဒ်မကြီး (၁) ပုဒ်ခွဲ (၄) မှာ

“The situations referred to in the preceding paragraph include armed conflicts in which peoples are fighting against colonial domination and alien occupation and against racist régimes in the exercise of their right of self-determination, as enshrined in the Charter of the United Nations and the Declaration on Principles of International Law concerning Friendly Relations and Co-operation among States in accordance with the Charter of the United Nations.”

လို့  ပြဌါန်းထားပါတယ်။ ကိုယ်ပိုင်ပြဌါန်းခွင့်ကို ကျင့်သုံး၍ ကိုလိုနီလက်ဝါးကြီးအုပ်မှု၊ ပြည်ပကျူးကျော်သိမ်းပိုက်မှုနဲ့  လူမျိုးရေးအစွန်းရောက်အစိုးရဆိုးများကို ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့ လူမျိုးများရဲ့ လက်နက်ကိုင် ပဋိပက္ခများ အတွက်လည်း ဒီဂျနီဗာကွန်ဗင်းရှင်းက အကျုံးဝင်ကြောင်း ရှင်းရှင်းလင်းလင်း ရေးသားပြဌါန်းထားပါတယ်။ ဗမာနယ်ချဲ့ ကျူးကျော်မှု၊ လက်ဝါးကြီးအုပ်ဂုတ်သွေးစုပ်မှုနဲ့  ဗမာလူမျိုးရေးအစွန်းရောက်အုပ်ချူပ်ရေးကို ဆန့် ကျင်တော်လှန်နေတဲ့ ရက္ခိုင့်တပ်မတော်ရဲ့  အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဟာ ဂျနီဗာကွန်ဗင်းရှင်းကို non-state actor အနေဖြင့် စွဲကိုင်ကျင့်သုံးနိုင်သလို ဒီစာချူပ်ကိုလက်မှတ်ရေးထိုးထားတဲ့ မြန်မာအစိုးရနဲ့ ဗမာစစ်တပ်မှာလည်း လိုက်နာကျင့်သုံးဖို့  တာဝန်ရှိပါတယ်။ ဗမာစစ်တပ်နဲ့ ဗမာစစ်အုပ်ချူပ်ရေးက မတရားဖိနှိပ်အုပ်ချူပ်လာခဲ့ကြောင့် တိုင်းပြည်ချွတ်ခြုံကျခဲ့ရပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကို ဖြေရှင်းသွားဖို့  ဗမာတိုင်းရင်းသားအပါအ၀င် လူမျိုးပေါင်းစုံကြားမှာ နိုင်ငံရေးအရတန်းတူညီမျှမှုတည်ဆောက်သွားဖို့  လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အားလုံးက သဘောပေါက်နားလည်ထားကြတဲ့အချိန်မှာ ရခိုင်လူထုကိုယ်စားပြု ရက္ခိုင့်တပ်မတော်ကို အသိအမှတ်မပြုတဲ့အပြင် အကြမ်းဖက်အဖွဲ့  အစည်းအဖြစ် တရားလက်လွတ်စွပ်စွဲပြောဆိုနေခြင်းဟာ ဗမာစစ်တပ်က အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကို ရွေးချယ်ထားကြောင်း ၀န်ခံနေပါတယ်။။။

 

Share

Leave a Reply

Your email address will not be published. Required fields are marked *